Skip to content
GitHub

Two sides of WebSocket - Client နှင့် Server

WebSocket Communication မှာ အဓိက အခန်းကဏ္ဍ နှစ်ခု ရှိပါတယ်။ အဲ့ဒါတွေကတော့ Client နဲ့ Server ပါပဲ။ သူတို့ နှစ်ခုကြားမှာ WebSocket Connection ကို ထူထောင်ပြီး Real-time Data တွေ ဖလှယ်ကြတာ ဖြစ်ပါတယ်။

  • Client: Connection ကို စတင်တဲ့ဘက် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Web Browser တွေ (Chrome, Firefox, Safari, Edge စတာတွေ) ဒါမှမဟုတ် Mobile Apps တွေ ဖြစ်ပါတယ်။ Client က Server ဆီကို WebSocket Connection တစ်ခု စချင်ကြောင်း Handshake Request ပို့ပြီး စတင်ပါတယ်။
  • Server: Client ရဲ့ Connection Request ကို လက်ခံပြီး Connection ကို ထူထောင်ပေးတဲ့ဘက် ဖြစ်ပါတယ်။ Server ဟာ Client အများအပြား (ထောင်သောင်းချီသော Users တွေ) နဲ့ တစ်ပြိုင်တည်း ချိတ်ဆက်ပြီး Data တွေကို စီမံ ကိုင်တွယ်ပေးနိုင်ပါတယ်။
browsers and server connections

Client ဘက်မှာ WebSocket ကို အသုံးပြုဖို့အတွက် ခေတ်မီ Web Browser တိုင်းမှာ Built-in အသင့်ပါဝင်ပြီးသား WebSocket API ကို သုံးနိုင်ပါတယ်။ ဒါကြောင့် Client-side JavaScript လေးနဲ့တင် WebSocket Connection တွေ ထူထောင်ပြီး Data တွေ ပို့/ယူ လုပ်လို့ ရပါတယ်။ ဘာ Third-party Library (Add-on) မှ ထပ်ထည့်စရာ မလိုပါဘူး။

  • new WebSocket(url) ကို အသုံးပြုပြီး WebSocket Object ကို ဖန်တီးခြင်းဖြင့် စတင်ပါတယ်။
  • Connection ရဲ့ အခြေအနေ အပြောင်းအလဲတွေကို (ဖွင့်ခြင်း၊ ပိတ်ခြင်း၊ Error ဖြစ်ခြင်း၊ Message လက်ခံရရှိခြင်း) Event Handlers တွေနဲ့ လွယ်ကူစွာ ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။ (ဥပမာ - onopen, onmessage, onerror, onclose)။
  • Data ပို့ရန်အတွက် send() Method ကို အသုံးပြုပါတယ်။

Server ဘက်မှာတော့ သင် အသုံးပြုတဲ့ Programming Language နဲ့ Framework ပေါ် မူတည်ပြီး WebSocket Servers တွေ တည်ဆောက်ဖို့ နာမည်ကြီး Libraries တွေ အများကြီး ရှိပါတယ်။ ဥပမာအားဖြင့် -

  • Node.js (JavaScript): ws, Socket.IO
  • Python: websockets, Django Channels, FastAPI
  • Java: Spring WebSocket, javax.websocket
  • Go: gorilla/websocket
  • PHP: Ratchet
  • Ruby: Action Cable (Rails), websocket-ruby

ဒီ Libraries တွေက WebSocket Handshake, Data Framing, Connection Management နဲ့ Sending/Receiving Data လုပ်ငန်းစဉ် အရှုပ်အထွေးတွေကို သင့်ကိုယ်စား နောက်ကွယ်ကနေ ကိုင်တွယ်ပေးပါတယ်။ Developer အနေနဲ့ Application Logic (ဥပမာ - ဘယ် Message တွေကို ဘယ် Client တွေဆီ (Broadcast) ပို့မလဲ၊ ဝင်လာတဲ့ Data တွေကို Database ထဲ ဘယ်လို သိမ်းမလဲ) ကို အဓိက ရေးသားဖို့ပဲ လိုပါတယ်။

Server Side Implementation ဟာ Client ဘက် Browser API လို ရိုးရှင်းတာမျိုး မဟုတ်ဘဲ၊ နည်းပညာ ရွေးချယ်မှု များပြားပြီး စကေးချဲ့ဖို့ (Scaling) နဲ့ လုံခြုံရေး (Security) အတွက် ပိုမို ရှုပ်ထွေးနိုင်ပါတယ် ခင်ဗျာ။